ရှေးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဘူးပါတယ်၊ လွယ်လွယ်ကူကူ
နားလည်နိုင်ပေမဲ့ အဓိပ္ပါယ် လေးလေးနက်နက်ရှိလှပါတယ်။ ပုံပြင်လေးကတော့
………..
ဟိုးရှေးရှေးတုန်းက တောရွာလေးတစ်ရွာမှာ မောင်ထွန်းနဲ့ မောင်လွန်းဆိုတဲ့
အရမ်းခင်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိသတဲ့ တစ်ရက်ကျတော့ မတော်တစ်ဆမှု
တစ်မှုနဲ့ ရုတ်တစ်ရက် နှစ်ယောက်စလုံး အတူတစ်ကွ သေဆုံးသွားပါရော
သေပြီးနောက် ငရဲပြည်ကို အတူတူရောက်ရှိသွားတော့ ယမမင်းကြီးက
သူ့ရဲ့စာအုပ်ကို လှန်လှောကြည့်ရှုပြီး
“ မင်းတို့ နှစ်ယောက်စလုံး အသက်ရှိစဉ်က မကောင်းမှု ဘာတစ်ခုမှ
မလုပ်ခဲ့တဲ့အတွက် နောက်ဘ၀မှာလည်း လူသာလျှင်ပဲ ပြန်ဖြစ်ခွင့်ပြုတယ်ကွဲ့၊
ဒါပေမဲ့ တစ်ယောက်က ရယူနိုင်တဲ့သူနဲ့ တစ်ယောက်က ပေးဆပ်ရမဲ့သူ
ပဲဖြစ်ခွင့်ရှိတယ်၊ ဆိုလိုချင်တာက တစ်ယောက်က တောင်းဆိုရယူပြီး
လက်ခံယူပိုင်ခွင့်ရှိရင် နောင်တစ်ယောက်က ပေးဆပ် အနစ်နာခံခွင့်ပဲရှိတယ်”
ပြောပြီး သူတို့နှစ်ယောက်ကို သေသေချာချာ စဉ်းစားပြီးမှ ရွေးခြယ်စေတယ်။
မောင်ထွန်းက စဉ်းစားတယ် တောင်းဆိုရယူတယ်ဆိုတာ ဘာအားမှ မစိုက်ထုပ်ရပဲ
အလကားရခြင်းပဲ အရမ်းကို အေးအေးဆေးဆေး ဖြတ်သန်းရမဲ့ဘ၀ပဲ ဘ၀မှာ ဘာတစ်ခုမှ
မိမိဘာသာ ကြိုးစားရယူမှုမရှိပဲ အရာရာအဆင်သင့်နေတဲ့ ဘ၀ကြီးဆိုတာကို
ရယူပိုင်ဆိုင် ကြည့်ချင်လိုက်တာ ဒါနဲ့ပဲ ဦးစွာလုပြီးပြောလိုက်တယ်
“ ကျွန်တော့မျိုး တောင်းဆိုရယူတဲ့ ဘ၀မျိုးကိုဖြစ်တည်ချင်ပါတယ် ”
ဒါကိုကြားတော့ မောင်လွန်းက
“ သူက ကျွန်တော်မျိုးရဲ့ သူငယ်ချင်းပါ သူရွေးပြီးသွားပြီ ဆိုရင်တော့
ကျန်ခဲ့တဲ့ ပေးဆပ်အနစ်နာခံရတဲ့ ဖြစ်တည်မှုကိုပဲ ကျွန်တော်မျိုးကို
ဖြစ်တည်ခွင့်ပေးပါ ”
ယမမင်းကြီးက သူတို့နှစ်ယောက် ပြောတဲ့စကားတွေကို ကြားလိုက်ရပြီးနောက်
ချက်ချင်းဆုံးဖြတ်ချက် ချမှတ်ပေးလိုက်သတဲ့
..............................
သူငယ်ချင်းတို့ဆိုရင်ရော ဘယ်လိုဘ၀မျိုးကို ရွေးခြယ်ချင်ကြပါသလဲ ၊
ယမမင်းကြီးကရော ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချမှတ်
ပေးလိုက်ပါလဲ၊
တောင်းဆိုရယူတဲ့ ဘ၀မျိုးကို ဖြစ်တည်ချင်တဲ့ မောင်ထွန်းနဲ့
ပေးဆပ်အနစ်နာခံရတဲ့ ဖြစ်တည်မှုကို ရွေးခြယ်လိုက်တဲ့ မောင်လွန်းကို
ယမမင်းကြီးက ချက်ချင်းချမှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကတော့
“ မောင်ထွန်းက တောင်းဆိုရယူ လက်သင့်ခံတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ချင်တဲ့
အတွက် တောင်းရမ်းစားသောက်ပြီး သူတစ်ကာ စွန့်ကြဲတာတွေကို လက်သင့်ခံရတဲ့
သူတောင်းစား ဘ၀ဖြင့် နောက်ဘ၀ကို ဖြတ်သန်းစေ ….. မောင်လွန်းက
စွန့်လွှတ်အနစ်နာခံရတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ချင်တဲ့ အတွက် မွေးကတည်းက
ချမ်းသာပြီး စွန့်ကြဲပေးကမ်းခြင်းနဲ့ အလှူအတန်းရက်ရောတဲ့ သူဌေးကြီး
ဘ၀ဖြင့် နောက်ဘ၀ကို ဖြတ်သန်းစေ”
လူတော်တော်များများက ပေးဆပ်ရပြီဆိုရင် နစ်နာတယ်လို့ ထင်မြင်တတ်ကြတယ်၊
အမှန်မှာတော့ ပေးဆပ်ပြီး ပြန်လည် ရယူနိုင်လိုက်တဲ့ အရာတွေ အများကြီး
ရှိပါတယ်။ ရယူပိုင်ဆိုင်လိုက်ရရင်တော့ အနိုင်ရကျေနပ်စရာကောင်းတယ်လို့
တွေးထင် တတ်ကြတယ် တစ်ကယ်တမ်းတော့ ရယူပိုင်ဆိုင်ဖို့အတွက်
လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေ အများကြီး ရှိနေတတ်ပါတယ်။
“ သူငယ်ချင်းကတော့ဖြင့် ငါ့အပေါ် မတရားဘူး” “ ငါ့အပေါ်တော့ဖြင့်
ညီအစ်ကိုမောင်နှမတွေက မညှာတာဘူး ” အဲ့ဒီလိုမျိုးတွေ သိပ်မတွေးပါနဲ့
လောကကြီးမှာ ရယူပိုင်ဆိုင်လိုက်ရတဲ့ အရာတစ်ခုအတွက်
စိတ်ချမ်းသာမှုတွေဆုံးရှုံးသွား
ပေးဆပ်လိုက်ရတဲ့အတွက် လေးစားအားထာားမှုတွေကို ပြန်လည်လက်ခံရရှိလိုက်တာ၊
စတာစတာတွေ အများကြီးမှ အများကြီးပဲရှိပါတယ်။ သူငယ်ချင်းတို့ ကရော
ဘာကိုရွးခြယ်ထားပါသလဲ ........ ဘာကိုပဲရွေးခြယ်ရွေးခြယ်ပါ
ကိုယ်ရွေးခြယ်လိုက်တဲ့ အရာအတွက် ကိုယ်ရရှိလိုက်တာကို ကျေနပ်မယ်ဆိုရင်
လောကကြီးမှာ နေရတာအရာရာ အဆင်ပြေနိုင်မှာပါ။
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment