ခံတွင်းနှုတ်ပွတ် ၊ မမြက်သည်သာ
မြတ်ပါပြီ ၊ မီးနှင့်လောမီး
ဂေါသီစန္ဒကူး ၊ ထူးသိအေးပူ
ပူတို့ အစေ ၊ မြစ်ရေညာဆန်
သတ္တ ဗ္ဘန်က ၊ ယုဂန်မြင့်မိုရ်
ကွဲပြိုခြအက် ၊ တိုက်စက္က၀ါ
မြေကမ္ဘာလည် ၊ လန့် ကာတက်အောက်
ပြန်မှောက်စေမူ ၊ အလှူမယုတ်
သူတော်နှုတ်ကား ၊ မဖြုတ်သစ္စာ စောင့်တည်ရာ၏ ။
အရိပ်တရား
ကိုယ်ပြုကာယကံ ၊ ကိုယ်ဆီပြန် အမှန်ကြုံရမြဲ
ကိုယ်ပြုဝစီကံ ၊ ကိုယ်ဆီပြန် အမှန်ကြုံရမြဲ
ကိုယ်ပြုမနောကံ ၊ ကိုယ်ဆီပြန် အမှန်ကြုံရမြဲ
မရှိတာထက် မသိတာခက် ၊ မသိတာထက် မကျင့်တာခက်
မကျင့်တာထက် မယုံတာခက် ၊ လောကကြီးပွားရေး ပညာဟာ အဓိကအားပဲ
အပျော်အပါးများတဲ့ မြို့ ၊ ရွာ ၊ နိုင်ငံဟာ ဆင်းရဲစမြဲပဲ ။
( အမရပူရမဟာဂန္ဓာရုံဆရာတော် )
ဆုံးမစာ
မပေးဘဲ မလိုလင့် ၊ မမေးဘဲ မဆိုလင့်
မခေါ်ဘဲ မသွားလင့် ၊ မမြိန်ဘဲ မစားလင့်
မမှည့်ဘဲ မဆွတ်လင့် ၊ တိတ်တိတ်နေသော် ထောင်တန်၏
လူလိုက ၊ နတ်လိုကာ ၊ လူကြိုက်က ၊ နတ်ကြိုက်ကာ
မပေါ့မလေး ၊ မနှေးမလျှင် ရွှေချိန်ခွင်သို့ ၊ မတင်းမလျှော့
လှေဖောင်ဖော့သို့  ၊ မလျှော့ပညာ ၊ တံငါလုလင် မျှားကြိုးငင်သို့  ၊
ပညာရှိမှ ၊ ခွင်သိသည် ။ ကျေးဇူးသိတတ် ၊ စကားတတ်မှ စည်းစိမ်တည်သည် ။
( ကန်တော်မင်း ကျောင်းဆရာတော် )
အမြဲစု
ရူပလက္ခဏာ ၊ ကိုယ်ခန္ဓာ ၊ များစွာဖောက်လ ၊ မတည်မြဲ
လောကီဥစ္စာ ၊ ရတနာကို ၊ များစွာသိမ်းဆည်းနေမမြဲ
ပူထုဇဉ်လူ ၊ မောဟလူ ၊ အယူစွပ်စွဲ ၊ မှတ်မမြဲ
သစ်ကိုင်းခတ်ပြိုင် ၊ ကမ်းမနိုင် ၊ ပြိုင်ယိုင်ရေထဲ တည်မမြဲ ။
( တောင်ဖီလာဆရာတော် ရှင်ဥပါလိ )
သြ၀ါဒ ကထာ
ကာမဂုဏ်ကြောင့်လည်း မရူးနှင့်
လောကီဥစ္စာကြောင့်လည်း မမြူးနှင့်
ကံကိုချည်းလည်း မယိုးနှင့်
ဥာဏ်ကိုချည်းလည်း မကိုးနှင့်
ပညာရှိသူကို ကိုးကွယ် ပညာမဲ့သူကိုပယ်
အရွယ်အဆင်းလှပခြင်းဖြင့် ပညာနှင့်ကင်းသူလူမဆန်
အရောင်အဆင်းလှပခြင်းဖြင့် ရနံ့ ကင်းသောပန်းကို လူမပန်
သတိဝီရိယရှိသူ ၊ ဥစ္စာရှိမည်ကိုမကြောက်
စွမ်းအင်ရှိသူ ၊ ရန်သူလာမည်ကိုမထောက်
ပညာရှိသူ ၊ မေးမြန်းလာမည်ကိုမကြောက်
အစွမ်းသတ္တိရှိသူ ၊ လေးစွာဝန်ကိုမထောက် ။
အေးမြသော မေတ္တာပိုင်ရှင်
လက်ဦးဆရာ မှီထိုက်စွာ
ပုဗ္ဗစရိယ အမိနဲ့ အဖ
ပဋိသန္ဓေ ဆယ်လနေ၍
မြူတေမျက်နှာ မြင်သောအခါ
နံ့ သာပန်းမျိုး မဉ္စူမျိုးသို့ 
မြတ်နိုးလှမော ချစ်သဘောဖြင့်
ကျော်ဇောထင်အောင် စီးပွားဆောင်သည့်
ဘုန်းခေါင်မိခင် - ဖခင် ကျေးဇူးရှင် ။
(ရှင်မဟာရဌသာရ)
မပေါင်းအပ်သူ (၆) မျိုး
ဂဏန်း ၊ ပုတ်သင် ၊ ၀ါးပင် ၊ လိပ်မျိုး ၊ နွားသိုး ၊ ခွေးအ ၊ ဤခြောက်ဝလူတွင်မပေါင်းရ ။ ပေါင်းမိသူက
လောက၀ယ် ဂုဏ်ငယ်ပျက်လေစွ ။
(လောကနီတိ)
မေတ္တာသည် သတ္တ၀ါအားလုံး၏ ပီယဆေး
လောကဇာတ်ခုံ ဤလူ့ ဘုံ၌
မျိုးစုံကကြ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ငါပဝေး
ငါသွေးတက်ကြွ လူ့ ဗာလတို့ 
များလှဖြာဖြာ အ၀ိဇ္ဇနှင့်
တဏှာဘီလူး အမှောင်ပူး၍
ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖော်လျှက်
မော်မော်မောက်မောက် ငါတစ်ယောက်သာ
မိုးအောက်တလွှား ရွှေကိုယ်လားဟု
ထင်မှားမလွဲ သို့ စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ပြည်ဖုံးချသော်
သုဘရာဇာ ခြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးဘဲ
ပုပ်သိုးခန္ဓာ မြှုပ်ရရှာသည်
ဘယ်မှာငါဟု ရှိရအံ့နည်း ။
(လယ်တီ ဆရာတော်ဘုရားကြီး)
ကျွန်တော်စုဆောင်းထားသော တရားဓမ္မများကို ကူးယူခွင့် နှင့် မျှဝေခွင့်ပြုပါသည် ။
( ဓမ္မဒါန ) သုဇေရှိုင်း
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment